လူတိုင်း လူတိုင်း လှပသော နှလုံးသားများ ရှိကြပါစေ

My photo
ကမ္ဘာပေါ်မှာရှိသော လူတိုင်းလူတိုင်း မွန်မြတ်သော စိတ်ထားများ ထားနိုင်ကြပါစေ ဖြူစင်သော နှလုံးသားများ ရှိကြပါစေ

Saturday, November 2, 2019

ကြယ်ကြွေကောင်းကင်ရဲ့ ဒုတိယမြောက် တမ်းတခြင်း



အိပ်မက်တွေ အစာရှာထွက်ချိန်
ရင်ခွင်မဲ့ နာရီအိုတွေ မြေမြိုခံခဲ့ရ

နေလောင်သွားတဲ့ နှလုံးသားက
တဆစ်ဆစ်နာကျင်လို့မဆုံး

သေမင်းအူသံကိုနားဆင်ရင်း
တစပြင်က အရိုးတွန်သံတွေကို
နှစ်ခြိုက်စွာ မျိုရှိုက်ခဲ့ရ

အလင်းငတ်ကောင်းကင်ရဲ့
ဒုတိယမြောက်အိပ်မက်အတွက်
သက္ကရာဇ်တွေက ခါးသက်လွန်းတယ်

ရင်ကွဲရှိုက်သံက နှလုံးသွေးနဲ့ထုဆစ်ထားလို့
အမြစ်ပြတ်အောင် ပစ္စုပ္ပန်ကို
ပြက္ခဒိန်ထံမှာ စတေးခံရအုံးမယ်

ပျားရည်ဆမ်းရဲ့ လက်တစ်ကမ်းမှာ
ခါးသက်သက်နောင်တတွေ
စောင့်ကြိုနေအုံးမလားးးးးဆိုတာ ………………

                   လူကလေး
                ( 2.11.2019 )

Monday, May 6, 2019

နွေ



နွေခံတွင်းမို့ နေမင်းက ပူ
လေညှင်းက ဆူ ။

ချိုးငှက်က ထနောင်းပင်ပေါ်က ကူ
ဆက်ရက်က လက်ပံပင်ပေါ်က ချွဲ  ။

လွမ်းတတ်တဲ့ ဒီအသဲ
မကွဲဘယ်ခါ ရှိပါ့မလဲ ။


( လူကလေး )
( 7.5.2019 )

Tuesday, January 15, 2019

လွမ်းတယ်

*** လွမ်းတယ်​ ***

မိန်​ရာသီရဲ့ အာကာပြင်​ ပန်​ချီကားပေါ်က
တိမ်​ပြာရောင်​ စုတ်​ချက်​တစ်​ချို့ကို မြင်​တိုင်း
လွမ်းတယ်​ ~~~~~~~~

နီလာရောင်​ ဟိုအထက်​က
ရီပြာမှောင်​ ခိုငှက်​ကလေးတွေမြင်​တိုင်း
လွမ်းတယ်​ ~~~~~~~~

အိမ်​အပြန်​ တိမ်​တမာန်​ မိုးအောက်​မှာ
အလွမ်းနုရောင်​တိမ်​တွေ အနမ်းလုတာမြင်​တိုင်း
လွမ်းတယ်​ ~~~~~~~~

နွေရင့်​ရင့်​ နေမြင့်​မြင့်​မှာ
ကြွေလွင့်​လွင့်​ ခရေပွင့်​လေးတွေ မြင်​တိုင်း
လွမ်းတယ်​ ~~~~~~~~


                              လူကလေး
                            16.1.2019

Thursday, December 13, 2018

ကူရာမဲ့ နှလုံးသား


ဥတ္တရအလင်းတန်းရဲ့ ရင်ခွင်မှာ
လမ်းပျောက်တဲ့ ည
ကြက်ခြေခတ်ကို ခလုတ်တိုက်မိတာတောင်
မုသားတွေကြားမှာ လမ်းမှားနေမှန်းမသိ
အလွမ်းရနံ့တွေ လောင်ကျွမ်းကာမှ
နှလုံးသားမှာ ဖိနပ်မပါမှန်း ကြည့်မိတယ်

ဝီစကီတစ်ခွက်နဲ့ အိပ်မက်ကို
အဆိပ်ဖြေဖို့ ကြိုးစားကြည့်တော့
ရစ်သမ်မညီတဲ့တေးသွားတွေက
ဖျားနာနေတဲ့ နုတ်ဖျားက အန်ကျခဲ့

အလွမ်းနာကျနေတဲ့ ကော်ဖီခွက် က
စိတ္တဇမနက်ခင်းကို ပွေ့ဖက်လိုက်တော့
အသက်ငင်နေတဲ့ ဆောင်းမျက်နှာပေါ်
လက်ကျန်နှင်းမှုန်တွေ ပြိုဆင်းလာတယ်

ယိမ်းနွဲ့ပါး ရဲ့ ရင်ခွင်မှာ
အပိုင်းပိုင်းပြတ်ခဲ့ရတဲ့နှလုံးသားနဲ့
စုန်းကိုက်ခံရတဲ့ ဝိဉာည်တစ်ကောင်
ဘယ်ချောင်မှာ ခိုဝင်ရမှာလဲ ။

          လူကလေး
          ( 12.12.2018 )

Sunday, September 23, 2018

ရောင်ပြန်မဟပ်တဲ့ မေတ္တာ

နယူတန်ကပြောတယ်
သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုရှိတယ် တဲ့ ။

ခင်ဗျားမှားတယ် နယူတန် ………

မိတ်ဆွေတုတွေရဲ့  ခင်မင်မှုဆိုတာ
ငါ့ကိုလှည့်စားဖို့ သန္တေတည်ခဲ့တာလား
ဝေခွဲလို့မရခဲ့ဘူး။

ငါကြည့်ခဲ့တဲ့ မှန် တွေက
လွဲမှားတဲ့ ပုံရိပ်ယောင်တွေပဲ ပေါ်နေခဲ့တယ် ။
ရောင်ပြန်ဟပ်တဲ့ စေတနာတွေက
ငါ့အပေါ်မှာတော့ အမြဲတမ်း
အလင်းတွေယိုင်ခဲ့တယ် ။

တန်ပြန်သက်ရောက်မှုဆိုတာ
ငါ့အတွက်တော့ မတော်တဆ
တွေ့ရှိခဲ့တဲ့ လွဲမှားချင်း တစ်ခုပါ ပဲ ။

လူကလေး
23.9.2018

Saturday, September 22, 2018

သူငယ်ချင်းသို့



သူငယ်ချင်းရေ…………
နင် စိတ်ညစ်နေတာလားးးး
လောကဓံကို ဘွာမခတ်ပဲ ရင်ဆိုင်လိုက်စမ်းပါ ။

ပြောမှသိ ထိမှနာ သာမှနေ သေမှငို တဲ့
လူတွေရှိတဲ့ ဒီလောကဟာ
အမြဲတမ်း မလှပနိုင်ပါဘူး ။

ကိုယ့်အကြောင်းကိုယ်တွေး
ကိုယ့်အရေးပဲ မီးစိမ်းပြနေတဲ့လူတွေဟာ
မာနတွေသွေးနေတော့
အရေးကြီးလဲ သွေးမနီးတော့ဘူး ။

တိမ်ပြာရောင် မိုးသားအောက်
ပုခက်မှောက်လို့ ငိုနေမယ့်အစား
ဘောင်ထဲကထွက်ပြီး ရင်ဆိုင်လိုက်ပါ
သူငယ်ချင်း ………

နင် နဲ့ ငါဟာ 
ဘဝတံခါးကို ကြက်ခြေခတ်နဲ့
တွန်းဖွင့်ခဲ့သူတွေပါ

ငါအသိဆုံး ငါအတတ်ဆုံးနဲ့
မိုက်လုံးကြီးနေသူတွေကို 
ခွင့်လွှတ်ပေးလိုက်ပါ

ကောင်းကင်ပြာထဲ
အတောင်မဲ့ ပျံသန်းနေတဲ့ ငှက်ခါး တစ်ကောင်ဟာ
အရှိန်ကုန်တော့ လင်းတ ကျ ကျလိမ့်မယ်
နားလည်ပေးလိုက်ပါ

သူတို့ရဲ့ အသိုက်အမြုံဟာ
လေပြေတိုက်ရင်တောင်
ပြိုကျတော့မှာ သူငယ်ချင်းရဲ့ ……

အကျ နာမှ  အမိတ
ချွေးဒီးဒီကျ  နီးရာ ဒူးပြေးဖက်
အမယ်လေး ကယ်ပါ့ဘုရား အော်လဲ
ကယ်မယ့်သူ မရှိတော့ဘူး သူငယ်ချင်း

သူငယ်ချင်းရေ
မြင့်လွန်းတဲ့သစ်ပင် ဟာ
လေတိုက်ဒဏ် အခံရဆုံး တဲ့

သူငယ်ချင်း
အမှန်တရားကို လက်ခံနိုင်တဲ့သူကို
မေးလိုက်ပါ လူ့သမိုင်းမှာ
'' အမှားကို ဘယ်သူ စ ထွင်လိုက်တာလဲ '' လို့

သူငယ်ချင်း
ကိုယ်ပိုင်အကျဉ်းထောင်ထဲက
ရုန်းထွက်ခဲ့ပါ
မိမိရရ ဆုပ်ကိုင်မိတဲ့ မနက်ဖြန်ဟာ
ပန်းသီးတစ်လုံးထက် ပိုချိုပါတယ်

                             လူကလေး

ပန်းချယ်ရီ

ချယ်ရီတစ်ပွင့်
စွင့်စွင့်ရယ်ပျို
နွေချိုဥသြ
လွမ်းသံနှောတော့
ရင်မောလှိုက်ဖို
လုလင်ပျို

               လူကလေး

ချယ်ရီ သို့

ချယ်ရီပန်းလေး
လန်းရွှင်မွှေးလို့
ရင်အေးစိတ်ကြည်
ဘေးမသီပဲ
သွေဖီရန်စွယ်
ကမ္ဘာလယ်၌
ဖူးသွယ်ညွှတ်ပြောင်း
လန်းစေကြောင်းဟု
ဆုတောင်းနေမိ လွမ်းနေမိ ။  ။ 

               လူကလေး

Sunday, August 26, 2018

တစ်လပြည့်အလွမ်း


နေ့ လ ရက် ဟောင်း
ပြန်ပြောင်းတွေးရင်း
ဆွေးမြည့်အသဲ
ကြေကွဲခဲ့တာ
တစ်လသို့ပင်ပြည့်ခဲ့ပြီ ။

တစ်ရက်ကယ်မျှ
မေ့မရခဲ့
နွမ်းလျသဲညှာ
ရင်လွှာငြိုးခြောက်
သောကရောက်တာ
တစ်လသို့ပင်ပြည့်ခဲ့ပြီ ။

မိုးလယ်အိပ်မက်
အေးစက်စက်နဲ့
ညငှက်ဆိုးသံ
အားမာန်ပြုရင်း
ချွေရန်နေ့ရက်
ညဆက်ခဲ့တာ
တစ်လသို့ပင်ပြည့်ခဲ့ပြီ ။

မိုးစက်မှုန်ကြား
လွမ်းအားရယ်ပို
ငိုယိုရှိုက်မော
လွမ်းမြစ်ကြောမှာ
စီးမျောခဲ့တာ
တစ်လသို့ပင်ပြည့်ခဲ့ပြီ ။


                                လူကလေး
                             27.8.2018