လူတိုင်း လူတိုင်း လှပသော နှလုံးသားများ ရှိကြပါစေ

My photo
ကမ္ဘာပေါ်မှာရှိသော လူတိုင်းလူတိုင်း မွန်မြတ်သော စိတ်ထားများ ထားနိုင်ကြပါစေ ဖြူစင်သော နှလုံးသားများ ရှိကြပါစေ

Saturday, October 14, 2017

အဆင်မလှတဲ့ အလွမ်း

ဆွေးမြေ့နေတဲ့ အလွမ်းတစ်ခုကို
အချစ်သစ်နဲ့ ယက္ကန်းခတ်တော့ရော
အကွက်လှမှာတဲ့လား …………
လောင်းရိပ်မိနေတဲ့ သံယောဇဉ်
နေရောင်မမြင်ရတော့လဲ
မျက်နှာငယ်တာ မဆန်းပါဘူး လေ …………
ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်နေတဲ့  အိပ်မက်တစ်ခု
ရာစုသစ်မှာ ပြတိုက်ပို့ရတော့မယ် …………
နေ့ရက်ခါးခါးတွေ စားသုံးနေတာတောင်
ကံကြမ္မာက အရောင်တောက်မလာဘူး ………
ထားပါတော့
အသက်ငင်နေတဲ့ အချစ်အတွက်
အလွမ်းဆိုတာ နောက်ဆုံးလက်ကျန်
အသက်ကယ်ဆေးတစ်ခွက်ပါပဲ ………
နှလုံးသားက သေဆုံးနေပေမယ့်
အလွမ်းတွေက ရှင်သန်နေဆဲ
သံယောဇဉ်က နှောင်တွယ်နေဆဲ
သတိရစိတ်က စိုးမိုးနေဆဲ
မျှော်လင့်ချက်က ဝေဝါးနေဆဲ
နာရီတွေက ဖျားနာနေဆဲ ……………
ပျံ့လွင့်လာတဲ့ ဥပေက္ခာ
ပဲ့တင်ထပ်မယ်ဆိုရင်
လမ်းတဝက်မှာပဲ သေဆုံးခဲ့ပါရစေ ………
အလွမ်းတွေသာ ရောင်ပြန်ဟပ်ရင်
လေဖြတ်နေတဲ့  မေတ္တာတရားအောက်က
ရုန်းထွက်နိုင်မှာပါ ။   ။   ။

          လူကလေး
          15 .10 . 2017

Thursday, October 12, 2017

ရာစုသစ် အလွမ်း

နွမ်လျတဲ့ အသက်ရှူသံတွေအောက်
အလွမ်းတွေ ပြားပြားမှောက်လို့ ၊
ဝပ်စဉ်းခစားခဲ့ရတဲ့ မာနတချို့က
ခေါက်ရိုးကျိုးနေလို့ ဦးမမော့နိုင်တော့ ၊
တရိပ်ရိပ်တက်နေတဲ့ အလွမ်း ဒီဂရီ
အချိန်မီ မကုသနိုင်ခဲ့ရင်
အသဲနှလုံးတွေ ကြွေရတော့မယ် ထင်ရဲ့ ။

မျက်ရည်စက်တချို့ကို ဘာသာပြန်ရရင်
စကားလုံးတစ်ချို့ ဆွံ့ ,အ   သွားလိမ့်မယ် ၊
ရှင်သန်နေဆဲ ခံစားချက်တချို့ကို
ပြည်ဖုံးကားချဖို့ရာ အချစ်သစ်က အဆုံးအစမဲ့နေဆဲ ။

နေထွက်ခြင်းနဲ့ နေဝင်ခြင်းကြားမှာ
အလွမ်းဆိုတာ အဆိုးဆုံးအဖော်မွန် တစ်ခုပေါ့
မိုးစက်မုန်တိုင်းတွေကြားမှာ
သတိရခြင်းတွေလွင့်မျောခွင့်ရရင်
သူရှိရာအရပ်ဆီသို့ ။

               လူကလေး
            11.10.2017

Wednesday, September 20, 2017

မှောင်မိုက်နေတဲ့ အလင်းတန်း

နိဂုံးမဲ့ကောင်းကင်ကို ရှေးရှုပြီး
လကွယ်ညရဲ့မျက်တောင်မွှေးပေါ်မှာ
စင်္ကြန်လျှောက်ခဲ့မိသူပေါ့ ……
အလင်းတစ်စ ပဲ့ကြွေတိုင်း
အပိုင်းပိုင်းပြတ်ခဲ့ရတဲ့နှလုံးသားမှာ
မျက်ရည်မိုးတွေနဲ့ ကမ်းပြိုခဲ့တယ် ……
ဟောင်းနွမ်းနေတဲ့နာရီအိုတွေပေါ်
ဥတုသုံးပါး ရုန်းကန်ရင်း
မှိုတက်နေတဲ့အပြုံးနဲ့ မျက်နှာသစ်ခဲ့ရတယ် ………
အဆိပ်သင့်မြှားရဲ့ဓါးသွားအောက်မှာ
ဆေးကုနေရတဲ့ အသဲနှလုံး
ကုထုံးမပြောင်းရင် သမုဒ္ဒရာရဲ့ ရင်ခွင်မှာ
ထာဝစဉ်မှေးစက်လိုက်ချင်ရဲ့ ………
စိတ်ကူးနဲ့ဖူးပွင့်ခဲ့တဲ့အိပ်မက်တွေက
ပုတ်သိုးနေတဲ့အနာဂါတ်မှာ
လောင်ကျွမ်းလိမ့်မယ်လို့ကြိုမသိခဲ့ဘူး ………
+++ ကြာသပတေးဂြိုလ်+++ရဲ့ ဝတ်ရုံအောက်မှာ
+++သောကြာကြယ်လေး +++ ရှင်သန်ခွင့် ရရင်
စေတန်နတ်ဆိုး ဆိုတာ
မိုးကုတ်စက်ဝိုင်းအလွန်ကနေတောင်
မျက်စောင်းထိုးခွင့်ရမှာမဟုတ်ဘူး ………
ကိုယ်ပိုင်အကျဉ်းထောင်ထဲမှာ
ငိုချင်းညည်းနေတဲ့ မိနစ်တွေ က
၂၄ နာရီရဲ့ မသန်စွမ်း မှုတွေကြားမှာ
လုံးပါးပါးနေခဲ့ရတယ် ………
ယိုယွင်းနေတဲ့ ခပ်ရဲ့ရဲ့အချစ်တစ်ခုနဲ့
ဖျားနာနေတဲ့ နီယွန်ည မတောက်ပမှတော့
အလွမ်းတွေအစာမကြေဖြစ်တာ
မဆန်းလောက်ပါဘူးလေ ……………။……။

                          လူကလေး
                        21.9.2017

Sunday, September 3, 2017



သံသရာကြိုးဝိုင်းထဲမှာ
ကံကြမ္မာကို အလဲမထိုးနိုင်သရွေ့
အသဲကွဲနေအုံးမှာပဲ '' မ '' ရေ ။

အယောင်ဆောင်အချစ်သမားတွေ အတွက်တော့
အသဲကွဲတယ်ဆိုတာ
ဘာမီတွန်သောက်ရုံနဲ့ ပျောက်နိုင်တဲ့
ရောဂါတစ်ခုပေါ့  '' မ '' ရယ် ။

အချစ်ကို ကိုးကွယ်မိတဲ့သူအတွက်တော့
ခဏတာခွဲရချိန်မှာတောင်
အသဲကမ္ဘာပျက် သလို
ခံစားနေရတယ် ဆိုတာ ''  မ '' သိမှာမဟုတ်ဘူး

လူကလေး

Friday, September 1, 2017

ဆုံစည်းခွင့်

အလွမ်းတွေကို အစာသွပ်ခွင့်မရှိတော့
ဟက်တက်ကွဲနေတဲ့အသဲနှလုံး ကို
အစိမ်းလိုက်ပြန်ချုပ်ဖို့ရာ မစွမ်းသာတော့ပြီ လေ ၊

မရေရာတဲ့ မဟူရာညတွေကို
သတိရခြင်းကလွှမ်းခြုံတော့
အချစ်ကရှေ့ဆက်ဖို့ ကြောက်ရွံ့ နေလေရဲ့ ၊
 
ညဉ့်လွှာရုံပါးပါးလေးအောက်မှာ
တိုက်ခတ်လာတဲ့လေပြေညင်းက
ရင်ခွင်ကို တိုးဝှေ့တဲ့အခါ
နှလုံးသားထဲအထိ ကျိန်းစပ် လာတယ် ၊

သူ့ခြေတစ်လှမ်း ကြွ လိုက်တိုင်းမှာ
ကွာကျလာတဲ့ ကိုယ့်မာန ခပ်ပါးပါးလေးတွေက
အရောင်မှိန်ပျောက်ပျက်လာတယ် ၊

အော် …… ကံကြမ္မာရယ်
နီးစပ်ခွင့်မရှိမှန်းသိရင်
အစကတည်းက ဆုံးစည်းခွင့်မပေးပါနဲ့လား ဗျာ …………

          လူကလေး
          29.8.2017

Wednesday, August 23, 2017

စီးမျောခွင့်လေးပေးပါ

လွမ်းဆွတ်မှုတွေကို ခဝါ ချချင်လှပြီ  မရယ်
ကြားနေကျ ' မ 'အသံ မကြားရတော့
နားတွေလဲ ခါးလှပါပြီ ။
မ အကြောင်းတွေး လွမ်းဆွေးရင်းနဲ့
အိပ်မက်ဆိုးတွေမက်တဲ့
ညတွေလဲ များလှပါပြီ။
ကိုယ်သိပ်ချစ်တဲ့သူတစ်ယောက်ကို
မကြာခင်မှာ ဆုံးရှုံးရတော့မယ် ဆိုတဲ့အသိစိတ်က
ဖိနှိပ်ထားလို့ နာကျင်နေတဲ့ နှလုံးသားလေးလဲ
အခုဆို ဖျား ရပါပြီ ။
မ ရဲ့ နှလုံးသား သွေးကြောထဲမှာ
ဘယ်တော့များမှ စီးမျောခွင့် ရမှာလဲ မ ရယ် ………
         
          လူကလေး

မမ

'' မမ '' သိလားးး

ကမ္ဘာတစ်ဖက်ခြမ်းမှာ လင်းလက်နေတဲ့
ကြယ်ကလေးတွေတောင်
''မ'' အပြုံးမရှိတဲ့ အခါ
တောက်ပမှုကင်းမဲ့နေတယ်ဆိုတာ ။

'' မမ '' သိလားးး

ပူပြင်းလှတဲ့နေမင်းကြီးတောင်
'' မ '' မျက်နှာမမြင်ရတဲ့အခါ
အေးစက်ခြင်းသို့ပြောင်းလဲသွားတယ် ဆိုတာ   ။

'' မမ '' သိလားးး

'' မ ''  မရှိတော့တဲ့အခါ
နွေးထွေးမှုကင်း အိပ်စက်ခြင်းတွေ
မလှပတော့ဘူးဆိုတာ ။

          လူကလေး
          16.8.2017

Saturday, August 12, 2017

ခေါက်ရိုးကျိုးအလွမ်း

ဒေါက်   ဒေါက်   ဒေါက် ……

အချိန်မှန်ရောက်လာတဲ့
နေမင်းကြီးတံခါးခေါက်နေပြီ ။

တံခါးခေါက်သံရဲ့အဆုံးမှာ
အလွမ်းတွေကြားထဲကလူးလဲထ
အရူးတမျှအသိစိတ်မဲ့နေတဲ့ ဒီခန္ဓာ ။

အလွမ်းနဲ့ သွားတိုက်
အလွမ်းနဲ့ မျက်နှာသစ်
အလွမ်းနဲ့ နံနက်စာစားပြီး

နေ့ရက်တစ်ခုကို အလွမ်းနဲ့ နုတ်ဆက်ပွေ့ဖက်လိုက်တယ် ။

မိုးပဲစွေစွေ
နှင်းပဲဝေဝေ
လေပဲပွေပွေ
အလွမ်းတွေကခြေရာမပျောက် ။

နေတစ်စင်းနဲ့လမင်း
သူတို့ချင်း ဂျူတီ ချိန်းလို့သာ ညရောက်လာတယ်
ငါ့ခန္ဓာက အဟောင်းသံသရာထဲက ရုန်းမထွက်နိုင်ခဲ့ ။

ဒီလိုနဲ့နောက်တစ်ရက်ဆက်
ခေါက်ရိုးကျိုးနေ့ရက်တွေနဲ့
နာရီတွေက ဟားတိုက်
ပြက္ခဒိန်တစ်ရွက်က ငါ့ကို လှောင်ရယ်ရင်း
လာမယ့်နှစ်ပြန်တွေ့ကျတာပေါ့ တဲ့ ။   ။    ။

          လူကလေး
          26.7.2017

လွမ်း

လွမ်းမနက်ခင်း
လွမ်းနေရင်းနဲ့
လွမ်းချင်းတေးကို
လွမ်းလို့ဆိုသည်
လွမ်းနေသူလေးသိပါတော့ ။

လွမ်းမျှော်ရီငေး
လွမ်းသူလေးဆီ
လွမ်းရေးသီကုံး
လွမ်းဖွဲ့ထုံးသည်
လွမ်းနေသူလေးသိပါတော့ ။

လွမ်းသည့်မျက်ခြယ်
လွမ်းသက်လယ်ဆီ
လွမ်းဖွယ်မျှော်ငေး
လွမ်းစာရေးသည်
လွမ်းနေသူလေးသိပါတော့ ။

          လူကလေး
          8.8.2017

သခင့်အလိုကျ

သခင့်အလိုကျ
ဒီဘဝ ငိုရတော့ မှာပေါ့ ဗျာ ။

ကံကြမ္မာ နဲ့ ဒီခန္ဓာ နပမ်းလုံးတဲ့ပွဲမှာ
အသဲနှလုံးက မြေစာပင်လေးပေါ့ ။

အသက်တမျှချစ်ခဲ့ရတဲ့သူမို့
ဘဝဆုံးရင်တောင် ပြုံးပြုံးလေးကြည့်မှာပါ သခင် ။

မကြာပါဘူး သခင်
သခင့်ထံပါးမှာ မထင်မရှားနဲ့
လိပ်ပြာငယ်ကလေးပျံတာမြင်ရင်
သေချာပြီ

အဲ့တာ ကျွန်တော်မျိုးပါ သခင် ။

          လူကလေး
          9.8.2017